ပီတာအောင်/ ၁၀ အောက်တိုဘာ ၂၀၀၈။ ။
နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံလွှာကို ယမန်နေ့က ၀န်ကြီးအဖွဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တင်သွင်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
အယူခံလွှာအား ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဦးကြည်ဝင်း၏ လက်ထောက် ရှေ့နေ ဦးလှမျိုးမြင့်က နေပြည်တော်သို့သွားရောက်၍ ၀န်ကြီးအဖွဲ့ထံ တင်သွင်းလိုက်ခြင်းဖြစ်ပြီး ၀န်ကြီးအဖွဲ့က အယူ ခံလွှာကို ၀င်စာ အဖြစ်ဖြင့်သာ လက်ခံထားလိုက်သည်ဟု အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ကပြောသည်။
၎င်းက “မနေ့ကမနက်ပိုင်း (၉) နာရီခွဲလောက်မှာ ၀န်ကြီးအဖွဲ့ကိုတင်ပြီးပြီ။ ၀န်ကြီးအဖွဲ့ကတော့ ၀င်စာနံ ပါတ်တွေ ဘာတွေနဲ့လက်ခံထားတယ်။ အယူခံရုံးသဘောတော့ မပေးလိုက်သေးဘူး။ အမှုအဖြစ်သတ်မှတ်တာ၊ မသတ်မှတ် တာကို စောင့်နေရတယ်။ သတ်မှတ်မယ်၊ မသတ်မှတ်မယ်ဆိုတာကတော့ သူတို့ကလည်း ဒီအတွေ့အကြုံလည်း မရှိခဲ့ဖူးဘူးလေ။ တရားရုံးလိုတော့မဟုတ်ဘူး။ သူတို့ဆက်ပြီး အကြောင်းကြားလာမှာကို စောင့်နေရတယ်။ အကြောင်းကြားလိမ့်မယ်ထင်ပါတယ်” ဟု ပြောသည်။
အယူခံလွှာမိတ္တူကို ပြည်ထဲရေးဝန်ကြီးဦးဆောင်သည့် ဗဟိုအဖွဲ့သို့လည်း ပေးအပ်ခဲ့ကြောင်း၊ မည်သည့်အချိန်၌ အာဏာပိုင်များက အကြောင်းပြန်ကြားမည်ကို မသိရှိရသေးကြောင်းနှင့် အမှုအဖြစ်လက်ခံပါက တရားရုံးထုံးစံအတိုင်း ကြားနာပြီး အမိန့်ချရမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။
အယူခံလွှာတင်သွင်းနိုင်ရန် ရှေ့နေကြီးဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် (၅) ကြိမ်ခန့် တွေ့ဆုံဆွေး နွေးပြင်ဆင်ခဲ့ရသည်။ စစ်အစိုးရထံမှလည်း ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူထားသည့် တားဆီးမိန့် မိတ္တူ များအားလုံးကို တောင်းယူရရှိပြီးဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်အချိန်မှစ၍ မည်သည့်ပုဒ်မဖြင့် အရေးယူထားကြောင်းကို ရှေ့နေများက အသေးစိတ်သိရှိထားပြီး ဖြစ်သည်ဟု သိရသည်။ သို့သော် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ မေလ ဒီပဲယင်း လုပ်ကြံမှုအပြီးတွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မ ၁၀ (ခ) ဖြင့် အရေးယူထားခြင်းဖြစ်သည်။ ထိုသို့ အရေုးယူ ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်ပြင် အများဆုံးအရေးယူနိုင်သည့် သက်တမ်းကာလ (၅) နှစ်ထက် ကျော်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဘက်က ယူဆသဖြင့် အယူခံဝင်ခြင်းဖြစ်သည်။ စစ်အစိုးရဘက်ကမူ (၆) နှစ်အထိ ထိန်းသိမ်းထားနိုင်သည်ဟု ထုတ်ဖော်ပြောကြားထားသည်။
http://www.newskhitpyaing.co.cc/?p=325
Filed under: လတ်တလောသတင်းများ