ဝန်ကြီး ဦးအောင်သောင်း နေပြည်တော်မှာမူးလဲ၊ စင်ကာပူသို့ ဆေးစစ်သွားမည်

NEJ/ ၁၀ အောက်တိုဘာ ၂၀၀၈။        ။

စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း အောက်တိုဘာ (၇) ရက်က နေပြည်တော် စက်မှု (၁) ရုံးတက်ရန်အလာ ရုတ်တရက် သတိလစ် မူးလဲသွားသဖြင့် ရုံးပေါ်သို့ တွဲတင်ယူရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

ဝန်ကြီးဦးအောင်သောင်းသည် အသက် (၇၂) နှစ်ရှိပြီဖြစ်ပြီး ယခုကဲ့သို့ မူးလဲသွားသည့်အတွက် မကြာခင် စင်ကာပူသို့ဆေးကုသွားရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တင်ပြထားသည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

၂၀၀၆ ခုနှစ်ကလည်း ၀န်ကြီး ဦးအောင်သောင်း စင်ကာပူသို့သွားရောက်ပြီး အစာအိမ် ခွဲစိတ်ကုသခဲ့ရသည်။ ၀န်ကြီး ဦးအောင်သောင်း စင်ကာပူတွင် ဆေးကုသနေစဉ် ဦးအောင်သောင်းနှင့် စီးပွားဘက်လုပ်ကိုင်နေသူများ ဖြစ်သည့် Morther Trading ကုမ္ပဏီမှ ဦးအောင်မြတ်၊ ကျော်သာကုမ္ပဏီပိုင်ရှင်၊ ရတနာသိဂီ င်္ကုမ္ပဏီပိုင်ရှင်၊ ရွှေသံလွင် ကုမ္ပဏီပိုင်ရှင်များ အပြေးအလွှား စင်ကာပူထိ သွားတွေ့ခဲ့ကြသည်။

http://www.newskhitpyaing.co.cc/?p=335

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် အယူခံ ပထမဆုံးအကြိမ်စတင်

ပီတာအောင်/ ၁၀ အောက်တိုဘာ ၂၀၀၈။        ။
နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံလွှာကို ယမန်နေ့က ၀န်ကြီးအဖွဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တင်သွင်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။

အယူခံလွှာအား ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဦးကြည်ဝင်း၏ လက်ထောက် ရှေ့နေ ဦးလှမျိုးမြင့်က နေပြည်တော်သို့သွားရောက်၍ ၀န်ကြီးအဖွဲ့ထံ တင်သွင်းလိုက်ခြင်းဖြစ်ပြီး ၀န်ကြီးအဖွဲ့က အယူ ခံလွှာကို ၀င်စာ အဖြစ်ဖြင့်သာ လက်ခံထားလိုက်သည်ဟု အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ကပြောသည်။

၎င်းက “မနေ့ကမနက်ပိုင်း (၉) နာရီခွဲလောက်မှာ ၀န်ကြီးအဖွဲ့ကိုတင်ပြီးပြီ။ ၀န်ကြီးအဖွဲ့ကတော့ ၀င်စာနံ ပါတ်တွေ ဘာတွေနဲ့လက်ခံထားတယ်။ အယူခံရုံးသဘောတော့ မပေးလိုက်သေးဘူး။ အမှုအဖြစ်သတ်မှတ်တာ၊ မသတ်မှတ် တာကို စောင့်နေရတယ်။ သတ်မှတ်မယ်၊ မသတ်မှတ်မယ်ဆိုတာကတော့ သူတို့ကလည်း ဒီအတွေ့အကြုံလည်း မရှိခဲ့ဖူးဘူးလေ။ တရားရုံးလိုတော့မဟုတ်ဘူး။ သူတို့ဆက်ပြီး အကြောင်းကြားလာမှာကို စောင့်နေရတယ်။ အကြောင်းကြားလိမ့်မယ်ထင်ပါတယ်” ဟု ပြောသည်။

အယူခံလွှာမိတ္တူကို ပြည်ထဲရေးဝန်ကြီးဦးဆောင်သည့် ဗဟိုအဖွဲ့သို့လည်း ပေးအပ်ခဲ့ကြောင်း၊ မည်သည့်အချိန်၌ အာဏာပိုင်များက အကြောင်းပြန်ကြားမည်ကို မသိရှိရသေးကြောင်းနှင့် အမှုအဖြစ်လက်ခံပါက တရားရုံးထုံးစံအတိုင်း ကြားနာပြီး အမိန့်ချရမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

အယူခံလွှာတင်သွင်းနိုင်ရန် ရှေ့နေကြီးဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် (၅) ကြိမ်ခန့် တွေ့ဆုံဆွေး နွေးပြင်ဆင်ခဲ့ရသည်။ စစ်အစိုးရထံမှလည်း ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူထားသည့် တားဆီးမိန့် မိတ္တူ များအားလုံးကို တောင်းယူရရှိပြီးဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်အချိန်မှစ၍ မည်သည့်ပုဒ်မဖြင့် အရေးယူထားကြောင်းကို ရှေ့နေများက အသေးစိတ်သိရှိထားပြီး ဖြစ်သည်ဟု သိရသည်။ သို့သော် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ မေလ ဒီပဲယင်း လုပ်ကြံမှုအပြီးတွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မ ၁၀ (ခ) ဖြင့် အရေးယူထားခြင်းဖြစ်သည်။ ထိုသို့ အရေုးယူ ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်ပြင် အများဆုံးအရေးယူနိုင်သည့် သက်တမ်းကာလ (၅) နှစ်ထက် ကျော်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဘက်က ယူဆသဖြင့် အယူခံဝင်ခြင်းဖြစ်သည်။ စစ်အစိုးရဘက်ကမူ (၆) နှစ်အထိ ထိန်းသိမ်းထားနိုင်သည်ဟု ထုတ်ဖော်ပြောကြားထားသည်။

http://www.newskhitpyaing.co.cc/?p=325

အာဏာရှင်ဆန့်ကျင်ရေး စာရွက် (၁) သိန်းကျော် ရန်ကုန်နှင့်မန္တလေးမြို့ကြီးတို့တွင် ဖြန့်ကြဲ

ပီတာအောင်/ ၁၀ အောက်တိုဘာ ၂၀၀၈။         ။ အာဏာရှင် စစ်အစိုးရဆန့်ကျင်ရေး လှုံ့ဆော်ရေးသားထားသည့် စာရွက်စာတမ်း (၁) သိန်းခွဲခန့်ကို ရန်ကုန်၊ မန္တလေး နှင့် အခြားနယ်မြို့တို့ရှိ လူစည်ကားရာနေရာများ၌ လူငယ်အချို့က ယမန်နေ့က ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လက်မထောင်ထားသည့် အမှတ်တံဆိပ်ပါ (၁) လက်မခွဲပတ်လည်အရွယ် စာရွက်ငယ်လေးများပေါ်၌ ‘စစ်အာဏာရှင် စနစ်အဆုံးသတ်နှစ် ၂၀၀၈’ ၊ ‘ဒီမိုကရေစီရမယ့်နှစ် ၂၀၀၈’ ၊ ‘ ဆင်းရဲတွင်းက လွတ်မယ့်နှစ် ၂၀၀၈’ ၊ ‘ဒုက္ခတွင်းက လွတ်မယ့်နှစ် ၂၀၀၈’ ဟု (၄) မျိုး ရေးသားကာ ဖြန့်ဝေခြင်းဖြစ်သည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ လှည်းတန်း၊ ဘူတာရုံလမ်း၊ သမိုင်း မြရတနာဈေး၊ ဘုရင့်နောင်လမ်းဆုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်၊ အင်းစိန်၊ မရမ်းကုန်း၊ ရွှေပြည်သာနှင့် ကမ္ဘာအေး န၀ဒေးရုပ်ရှင်ရုံ စသည့်နေရာများ၌ ဘတ်စ်ကား၊ ရထား၊ ကုန်းတံတား၊ တိုက်ခန်းများနှင့် ကျူရှင်ဘော်ဒါဆောင်များအပေါ်မှ ကြဲချခြင်းသည်။ မန္တလေးမြို့၊ ဧရာဝတီတိုင်း မအူပင်တက္ကသိုလ်၊ ရခိုင်ပြည်နယ်တောင်ကုတ်မြို့၊ ပဲခူးတိုင်း တောင်ငူနှင့်ပြည်မြို့တို့တွင်လည်း အလား တူ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဖမ်းဆီးနှိပ်ကွပ်မှုများ မည်သို့ပင်ရှိစေကာမူ အာဏာရှင်ကို ဆန့်ကျင်နေသည့်လူငယ်များ ဆက်လက်ရှိနေကြောင်း ပြသလိုသဖြင့် ယင်းသို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု စာဖြန့်ဝေသည့် လှုပ်ရှားမှုကို စီစဉ်ဆောင်ရွက်ခဲ့သည့် မျိုးဆက် သစ်လူငယ်များ အစည်းအရုံး (GW) မှ ပြောရေးဆိုခွင့်တာဝန်ခံ ကိုမိုဃ်းသွေးက ပြောသည်။

၎င်းက “ ၈၈မျိုးဆက်တွေနဲ့ တခြားအင်အားစုတွေ အများကြီး အဖမ်းခံထားရတယ်။ ဖိနှိပ်မှုတွေ ဘယ်လောက်ပဲများ နေနေ၊ ဘယ်သူတွေကိုပဲ ဖမ်းထားဖမ်းထား လူငယ်တွေမှာ မျိုးဆက်ဆိုတာရှိတယ်။ လူတွေကိုပဲ ဖမ်းလို့ရမယ် မျိုးဆက်တခုလုံးကိုတော့ ဘယ်လိုမှဖမ်းလို့မရဘူး။ တော်လှန်နေတဲ့မျိုးဆက်က အမြဲရှင်သန်နေတယ်ဆိုတာ ပြချင် တာရယ်၊ နောက်တခုက နအဖအနေနဲ့ ဘယ်လိုနည်းနဲ့မှ မျိုးဆက်ကြီးတခုလုံးကို နှိပ်ကွပ်လို့မရဘူးဆိုတာ ပြချင် တာရယ်ကြောင့်ပါ။ ဘယ်လောက်ပဲ ဖိနှိပ်ဖမ်းဆီးနေပစေ အာဏာရှင်ကို ရဲရဲဝံ့ဝံ့ဆန့်ကျင်နေတဲ့ လူငယ်တွေရှိတယ်။ လူထုအနေနဲ့ မျှော်လင့်ရာမဲ့မဟုတ်ဘူး။ ထောက်ခံပူးပေါင်းပေးဖို့ပဲလိုတယ်။ အဲ့ဒီရည်ရွယ်ချက်နဲ့ GW ရဲ့ (၁) နှစ် မြောက်နေ့မှာ ခုလို လူထုကို အသိပေးလိုက်တာပါ” ဟု ပြောသည်။

စာဖြန့်ဝေမှုနှင့်ပတ်သက်၍ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသူ ယခုအချိန်အထိ မရှိသေးကြောင်းနှင့် ပြန့်ကြဲနေ သည့် စာရွက်ငယ်လေးများကို လမ်းသွားလမ်းလာများက ကောက်ယူကြည့်ရှုခဲ့ကြပြီး အချို့က မကောက်ယူရဲသဖြင့် မကောက်ယူကြကြောင်း သိရသည်။

GW အဖွဲ့ကို ယမန်နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီး၌ တက္ကသိုလ်ကျောင်းသားအချို့အပါအ၀င် တက်ကြွသော လူငယ်များဖြင့် ဖွဲ့စည်းထားပြီး စည်းရုံးလှုံ့ဆော်စာများ၊ နိုင်ငံရေးသီချင်းများ၊ ကြေညာချက်များ ဖြန့်ချိခဲ့ပြီး ဆေးနီပက်ဖြန်းခြင်း၊ ဖယောင်းတိုင်ထွန်းဆုတောင်းမေတ္တာပို့ခြင်း၊ Vote No ကြက်ခြေခတ် ကမ်ပိန်း များလည်း ပြုလုပ်ခဲ့သည်။ ထိုလှုပ်ရှားမှုများနှင့်ဆက်စပ်၍ GW အဖွဲ့မှ ဇေယျာသော် (အက်စစ် ဟစ်ဟော့ တေးဂီတအဖွဲ့)၊ အောင်ဇေဖြိုး၊ အာကာဗို၊ သီဟ၀င်းတင် အပါအ၀င် (၁၀) ဦးထက် မနည်းဖမ်းဆီး ခံနေရသည်။

http://komyo.burmachannel.com/?p=1180#more-1180 မှ ကူးယူသည်။

တပ်မတော်သာ အမိ၊ တပ်မတော်သာ အဘဟု ဆိုသော်လည်း

အေးချမ်းမြေ့ | အောက်တိုဘာ ၁၀၊ ၂၀၀၈။      ။ မြန်မာစစ်ဗိုလ်ချုပ်များက ၎င်းတို့၏ စစ်တပ်ကို အလွန်ခိုင်မာ စည်းလုံးသည်၊ တပ်မတော်ကို မည်သူမှ မဖြိုခွဲနိုင်ဟု အမြဲ ကြွေးကြော်လေ့ရှိသည်။ သို့ရာတွင် အောက်ခြေအဆင့် တပ်မတော်သားများက လက်နက်များယူဆောင်၍ ထွက်ပြေးတိမ်း ရှောင်မှုများ၊ လက်နက် ဖြင့် အထက်အရာရှိကို လုပ်ကြံသတ်ဖြတ် ထွက်ပြေးမှုများမကြာခဏ ကြားလာရသည်။

ထိုကဲ့သို့သော အနီးဆုံး အဖြစ်အပျက်တခု လွန်ခဲ့သည့် ၅ ရက် ခန့်က ဖြစ်ပွားခဲ့သေးသည်။

ရန်ကုန်တိုင်း တိုက်ကြီး မြို့နယ်အတွင်းရှိ တပ်ရင်း ၇၀၇ တွင် လက်အောက်ငယ်သား အောက်ခြေ တပ်သားက ၎င်း၏ တပ်ခွဲမှူးကို သေနတ်နှင့်ပစ်ကာ ဆိုင်ကယ်နှင့် ထွက်ပြေး ခဲ့ခြင်းဖြစ်သည်။

၎င်းကို အုတ်ဖိုမြို့နယ်အတွင်းရှိ စိန်ကန့်လန့်ကျေးရွာတွင် ပိတ်၍ သေနတ်နှင့် ပစ်ဖမ်း ကြသဖြင့် သေဆုံးသွားခဲ့ရသည်။

တပ်သားများက အထက်အရာရှိကို လုပ်ကြံထွက်ပြေးမှုများ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ အောက်ခြေ တပ်မတော် သားများ၏ ရုန်းကန်ရမှု၊ အဖိနှိပ်ခံရမှုတို့ကြောင့် ဖြစ်သည်။ အနိမ့်ဆုံး တပ်မတော် သားများ၏ လစာခံစားခွင့်မှာ တလလျင် ကျပ် ၂ သောင်း ၂ ထောင်မျှသာ ဖြစ်သောကြောင့် အများစုမှာ မိသားစု စားဝတ် နေရေး အခက်အခဲ ကြပ်တည်းလွန်းလှပြီး မသေရုံတမည် စားသောက်နေရသည့် ဘဝများ ဖြစ်နေသည်။

“အရာရှိတွေနဲ့ စစ်သားတွေကြားက ကွာခြားချက် တော်တော်ကြီးတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က ပြောပြသည်။

အောက်ခြေတပ်သားများမှာ အရာရှိများ၏ ခွဲခြားဆက်ဆံခြင်း ဖိနှိပ်ခြင်းကို ခံရလေ့ရှိပြီး အများစုမှာ အထက်အရာရှိများ၏ ကျွန်သဖွယ်ဆက်ဆံခြင်းကို ခံကြရကြောင်း သူက ဆက်ပြောသည်။

“တပ်သားတွေက မခံနိုင်တဲ့အဆုံး သူတို့ တတ်နိုင်တဲ့နည်းနဲ့ ပုန်ကန်ကြတော့တာပဲ။ တချို့ဆို လက်နက်နဲ့ အရာရှိကိုသတ် တဲ့ဖြတ်တဲ့ထိ ဖြစ်သွားတာ” ဟု ၎င်းကဆိုသည်။

ထို့ပြင် ယခုနောက်ပိုင်း၌ ရဲဘော်များထွက်ပြေးရာတွင် လက်နက်များကိုပါ ယူဆောင်သွားကြကြောင်း စစ်တပ်နှင့်နီးစပ်သည့် သူတဦးကပြောပြသည်။

ယခုနှစ်အတွင်း၌ပင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တခု၏ တပ်ရင်းတခုမှ အောက်ခြေ တပ်သား ၇ ဦးတို့က ပစ္စတို ၁ လက်၊ အမ်အေ ၃ လက်နှင့် တခြားသေနတ် တလက် တို့ကိုယူဆောင်ကာ ထွက်ပြေးသွားမှု ဖြစ်ခဲ့သေးသည်ဟု သူကဆိုသည်။

“ဒီအက်စ်အေဆင်း အရာရှိပေါက်စတယောက်ရဲ့ သေနတ်ပါတယ်။ တော်တော်နဲ့ သူတို့ကို ဖမ်းမမိဘူး။ နောက်တော့ ရဲဘော်တယောက်ကို အသေဖမ်းမိတယ်လို့ ကြားတယ်” ဟု သူက ပြောသည်။

စစ်တပ်ထဲတွင် အဆင့်ဆင့် ကျွန်သဖွယ် ဆက်ဆံသည့်အလေ့ကြောင့် နာကြည်းမှုများ ရှိနေရာ အောက်ဆုံးမှ စစ်သားများက ထိုဒဏ်ကို အခံရဆုံးဖြစ်သည်။

“ကျမတော့ တပ်ထဲကို မဖြစ်လွန်းမှ သွားနေတယ်။ အပြင်က အိမ်မှာပဲနေတယ်။ တပ်ထဲ မှာဆို ကျမယောက်ျားက ဗိုလ်မှူးဆို ပေမယ့် တပ်ရင်းမှူးမိန်းမဈေးဝယ်ရင် ကျမက ဈေးခြင်း ဆွဲပြီး နောက်ကလိုက်ရတယ်။ သူချွတ်ခဲ့တဲ့ ထဘီကို လိုက်ခေါက် ရတယ်။ ကျမ အဲဒါတွေ မလုပ်နိုင်ဘူး” ဟု ဗိုလ်မှူးကတော်တဦးက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

အောက်ခြေစစ်သားက ပုန်ကန်ခြင်း၊ အရာရှိကို ရိုက်နှက် သတ်ဖြတ်ခြင်း၊ လက်နက်ယူ၍ ထွက်ပြေးခြင်း စသည့်အမှုများမှာ ကြည်းတပ်ထဲတွင် အများဆုံး ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၀၃ ခုနှစ် ပတ်ဝန်းကျင်က ရေတပ်ထဲတွင်ပါ ထိုကဲ့သို့သော အမှုမျိုး ဖြစ်ပေါ်ခဲ့သည်ဟု ရေတပ် တပ်ကြပ်ကြီးတဦးကပြောပြသည်။

“ရေတပ်ကတော့ ဒါမျိုး အဖြစ်နည်းပါတယ်။ ဒါပေမယ့် အဲဒီတခါက တော်တော် ဆိုးသွား တယ်။ ဒုစစ်ရေယာဉ်မှူးက စစ်ရေယာဉ်မှူးကို ပစ်သတ်တာ” ဟု သူက ဆိုသည်။

စစ်ရေယာဉ်မှူးက ငါးဖမ်းသင်္ဘောများနှင့် ညှိထားသမျှ၊ ရေပိုင်နက်ရောင်းစား ထားသမျှ ဝင်ငွေများကို အောက်ခြေဝန်ထမ်း များအား မျှမစားသောကြောင့် အောက်ခြေရဲဘော်များ ဒုက္ခရောက်နေသည်ကို မကြည့်နိုင်သည့် ဒုစစ်ရေယာဉ်မှူးက ပစ်သတ်လိုက်ခြင်းဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်သွားသည့် ထိုဒုစစ်ရေယာဉ်မှူးကို ကြည်းတပ်က ဖမ်းမိကာ ပစ်သတ် လိုက်ပြီး ၎င်းတို့စစ်သင်္ဘော အင်းတော် (၅၅) တွင် ပါသမျှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား မှန်သမျှ အနည်းဆုံး ထောင် ၄ နှစ်စီ ကျခံရကြောင်း သိရှိရသည်။

“အဲဒီသင်္ဘောပေါ်မှာ ဘာမှမသိလိုက်ဘဲ အရက်မူးပြီး အိပ်ပျော်နေတဲ့ ရဲဘော်က အစ ထောင် ၄ နှစ်ကျတယ်။ ကျနော့် သူငယ်ချင်း ဂျီအို (Gun Officer) ဆို ထောင် ၁၅ နှစ် ကျသွားတယ်” ဟု တပ်ကြပ်ကြီးက ပြောပြသည်။

ပြည်တွင်းပြည်ပရှိ စစ်ရေးလေ့လာသူတို့က ထိုကဲ့သို့သော အမှုမျိုး ယခုနောက်ပိုင်း ဖြစ်ပွားမှု များပြားလာသည်ဟု ဆိုသည်။

၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သော ဗိုလ်မှူးမင်းမင်းစိုး လုပ်ကြံခံရမှု ဆိုလျင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။

တချို့သော အရာရှိများမှာ အောက်ခြေတပ်သားများ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စများကို လိုအပ်သည်ထက် ဝင်ရောက်စွက် ဖက်ခြင်း နှောင့်ယှက် အနိုင်ကျင့် ခြင်းများ မခံနိုင်အောင် လုပ်သဖြင့် အထက်အရာရှိကို ကိုယ်ထိလက်ရောက် သတ်ဖြတ် သည်အထိ ဖြစ်လာရခြင်း များလည်း ရှိသည်ဟု စစ်ရေးလေ့လာသူတို့က သုံးသပ်သည်။

၂၀၀၅ ခုနှစ်ကလည်း ကျောက်တော် အခြေစိုက် တပ်ရင်း ၃၇၈ မှ အရာရှိငယ်တဦးက ၎င်း၏တပ်ရင်းမှူးနှင့် တပ်ရင်းမှူး ကတော်တို့ကို သတ်ဖြတ်ပြီး ၎င်းကိုယ်၎င်း အဆုံးစီရင် ခဲ့သော အမှုတခု ဖြစ်ပွားခဲ့သည်။

“အုပ်စုဖွဲ့ပြီး ထွက်ပြေးတာတို့၊ အုပ်စုဖွဲ့ပြီး အရာရှိကိုပုန်ကန်တာတို့ပါ ဖြစ်လာတယ်။ အရာရှိတွေက တပ်သားတွေကို ခွဲခြားဆက်ဆံတာကနေ မခံနိုင်ပြီး ဖြစ်ကြတာ” ဟု ရန်ကုန်နေ စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးက သုံးသပ်သည်။

http://komyo.burmachannel.com/?p=1182

ကားပေါက်ကွဲမှုဖြစ် လူ ၇ ဦးသေဆုံး၊ တဦး အပြင်းအထန် ဒဏ်ရာရရှိ

ဧရာဝတီ | အောက်တိုဘာ ၁၃၊ ၂၀၀၈။       ။ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်သီရိမင်္ဂလာဈေး – တိုက်ကြီး အဝေးပြေး ဟိုင်းလတ်စ်ကားတစီး ပေါက်ကွဲမှု ဖြစ်ပြီး လူ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်။

တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာဈေးသို့ ထွက်ခွာလာသော ယာဉ်လိုင်းအမှတ် ၁၃၂၊ ယာဉ် အမှတ် ပ/ ၁၆၀၂ အဝေးပြေး မော်တော်ယာဉ် ဟိုင်းလတ်စ်ကားသည် ရန်ကုန်တိုင်း အင်းစိန် မြို့နယ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးရုံးရှေ့ (FAO) နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင်စက်မှုတက္ကသိုလ်) ရှေ့အရောက် ပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစီးလုံး လွင့်စဉ် ထွက်သွားကြောင်း သတင်းရရှိသည်။

“အခုပဲသတင်းဝင်လာတယ်။ တိုက်ကြီးကားဖြစ်တာ။ ဗုံးလား၊ ဂတ်စ်အိုးပေါက်တာလား မသိသေးဘူး။ လူကတော့ ကားပေါ် ပါတာအကုန်သေတယ်လို့ သတင်းရထားတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတဦးက နံနက် ၃ နာရီ ၅ မိနစ်တွင် ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး ၅ မိနစ်ကျော်ခန့် အကြာတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း ၄ လမ်း၌ နေထိုင်သူ တဦးက ပြောသည်။

“ဖြစ်တဲ့အချိန်က ၀ုန်း ဆိုတဲ့ အသံကြီးကြားလိုက်ရတယ်။ ကြားကြားချင်းအိမ်က စက်ဘီးနဲ့ သွားကြည့်တာ တိုက်ကြီးကား ပေါက်ကွဲတာလို့ သိလိုက်ရတယ်။ အလောင်းတွေဆိုတာ FAO ရုံးရှေ့မှ ပြန့်ကျဲနေတာပဲ” ဟု ၎င်းရပ်ကွက်သားက ဆိုသည်။

ကားပေါ်တွင်ပါလာသည့် ခရီးသည်များမှာ တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာ ဈေးတွင် ကုန်များ လာရောက် ၀ယ်ယူသည့် ဈေးသည်များနှင့် ရန်ကုန်မြို့ထဲတွင် ဈေးရောင်း သွားမည့် ဈေးသည်များဖြစ်ကြသည်။

“အလောင်းတွေနဲ့ အတူ ပဲပြားတွေ၊ အမဲသားတွေက ပြန့်ကျဲနေတာပဲ။ လမ်းမပေါ်မှာ ပြန့်ကျဲ နေတဲ့ အလောင်းတွေမှာ ခေါင်းပြတ်တဲ့ အလောင်းတွေပြတ်နေတယ်။ ကားတခုလုံး ရစရာ မရှိအောင် ပေါက်ကွဲထွက်သွားတာ” ဟု ကြို့ကုန်း ရပ်ကွက်မှ မျက်မြင်သက်သေ တဦးက ဆိုသည်။

ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးသူများမှာ ယာဉ်မောင်း၊ စပယ်ယာ ၂ ဦးနှင့် ခရီးသည် ၅ ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မနက် ၇ နာရီတွင် ရန်ကုန်တိုင်းရဲအရာရှိထံ ထပ်မံမေးမြန်းစုံစမ်းရာ “အခင်းဖြစ် တဲ့ နေရာကိုတော့ လုံးဝရှင်းလင်း လိုက်ပြီ။ ပေါက်ကွဲမှု ဖြစ်တဲ့ကားနဲ့ အလောင်းတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီးရှင်း ထားတယ်။ ကုလသမဂ္ဂ ရုံးရှေ့ဖြစ်နေတော့ ချက်ချင်းရှင်းလိုက်တာ။ သွေးတွေကို မီးသတ်ကားနဲ့ ရေပက်ပြီး ဆေးတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ ပုံစံက ဗုံးပေါက်သလိုမျိုးပါ။ ဒါပေမယ့် လောလောဆယ် စစ်ချက် အရကတော့ ဂက်စ်အိုးပေါက်တာဖြစ်ဖို့ များနေတယ်” ဟု ပြောသည်။

မျက်မြင်သက်သေများက ဗုံးပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ကလည်း ရန်ကုန်မြို့ လှည်းတမ်းလမ်းဆုံအနီးတွင် ၄၅ ဘတ်စ်ကားကြီး တစီး ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

Follow

Get every new post delivered to your Inbox.